စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများ
DVB သတင်းဌာနနှင့် Interview ဒုတိယပိုင်း
Q: ဟုတ်ကဲ့ပါ မစုဇာ။ ပတ်ဝန်းကျင်အမြင်မှာလဲ ဒီလူက နည်းနည်းတော့ ကြောင်နေပြီ၊ ဒီလူကတော့ ဂေါက်သွားပြီ စသည်ဖြင့်ပေါ့။ တချို့ကိစ္စတွေမှာကျတော့ ပတ်ဝန်းကျင်ရဲ့အမြင်တင်မဟုတ်ပဲနဲ့ ကိုယ့်ကိုယ်ကို သိကြတယ်ပေါ့။ ဒါပေမယ့် ရူးတယ်ဆိုတဲ့ အဆင့်မျိုးမဟုတ်ဘဲနဲ့ Counselling ဆိုပြီး သွားဆွေးနွေးတာကိုများ လူတွေသိသွားကြရင် ငါ့ကိုများ ဘယ်လိုတံဆိပ်တပ်ကြမလဲဆိုပြီး အရမ်းကြောက်ကြတယ်ပေါ့နော်။ အဲဒီလိုအခြေအနေမျိုးမှာ ကာယကံရှင်ကိုယ်တိုင် လိုလိုလားလား Counselling လုပ်ချင်လာအောင် ဘယ်လိုဆွဲဆောင်သင့်တယ်လို့ ထင်ပါသလဲရှင့်။
A: အရင်ဆုံး ကျွန်မပြောပြချင်တာက ကျွန်မတို့ စိတ်ကျန်းမာရေးဆွေးနွေးမှုလုပ်တယ်ဆိုရင် Confidentiality လို့ခေါ်တဲ့ “သတင်းအချက်အလက်လုံခြုံမှု” ကို လုံးဝပေးပါတယ်။ ကျွန်မနဲ့ လာဆွေးနွေးတဲ့သူ နှစ်ယောက်ကြား ပြောသမျှတွေအားလုံးက အဲ့ဒီဆွေးနွေးခန်းထဲမှာပဲရှိနေတယ်။ ဘယ်သူ့ကိုမှ ကာယကံရှင် ခွင့်ပြုချက်မရဘဲ မပြောပါဘူး။ တခါတလေကျရင်တော့ သဘောတူညီမှုစာရွက်မှာ လက်မှတ်ထိုးခိုင်းတာရှိတယ်။ အဲဒီမှာ ကျွန်မတို့ရဲ့ဆွေးနွေးမှုကို အသိပေးချင်တဲ့သူရှိသလားပေ့ါ။ ရှိတယ်ဆိုရင်တော့ ရေးချလို့ရတယ်။ အဲဒါမျိုးဆိုရင်တော့ ကျွန်မတို့က အသိပေးတယ်။ တစ်ခုဘာရှိလဲဆိုတော့ သူကိုယ်တိုင်ပဲဖြစ်စေ၊ သူများအတွက်ဖြစ်စေ အသက်အန္တရာယ်ရှိတယ်ဆိုရင် အဲ့ဒီသတင်းအချက်အလက်ကို လိုအပ်တဲ့သူတွေဆီ မျှဝေတယ်။ အဲဒီအချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သတင်းအချက်အလက်လုံခြုံမှု အပြည့်အဝရှိတယ်ဆိုတော့ အပြင်လူဆီပေါက်ကြားမှာ လုံးဝစိတ်ပူစရာမလိုပါဘူး။
အများစုက ကျွန်မတို့မြန်မာလူမျိုးမှာ အဲဒါကို စိတ်ပူကြတာပေါ့။ ကျွန်မတို့စိတ်ပညာရှင်တွေမှာလည်း လိုက်နာစောင့်ထိန်းရတဲ့ သူ့ကျင့်ဝတ်နဲ့သူရှိပါတယ်။ နောက်တစ်ခုက စိတ်ကျန်းမာရေးပညာရှင်နဲ့ သွားရောက်ဆွေးနွေးတယ်ဆိုတာမှာ “လုံးဝအသိစိတ်လွတ်မှ သွားရတာမဟုတ်ဘူး” ဆိုတာက အရေးအကြီးဆုံးပဲ။ ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲရှိနေတယ်။ သူငယ်ချင်းကို ပြောလို့လည်းအဆင်မပြေဘူး။ မိသားစုကိုပြောလို့လည်း အဆင်မပြေဘူး၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ဖက်ကို ပြောလို့လည်းအဆင်မပြေတဲ့ အခြေအနေမျိုးမှာ ပညာရှင်ဆီသွားပြီး ဆွေးနွေးတယ်ဆိုရင် ပညာရှင်နဲ့အတူတူ ဒီအခြေအနေအခက်အခဲတွေကို တဖြည်းဖြည်းနဲ့ ကျော်လွှားနိုင်အောင် လုပ်ပေးသွားနိုင်ပါတယ်။
Q: စိတ်ပိုင်းဆိုင်ရာကျတော့ မြင်လွယ်တဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ လူတစ်ယောက်က တခုခုအပေါ်ကို သူ့ရဲ့စိတ်ကျေနပ်မှုမပြည့်ဝတာ စသည်ဖြင့်ပေါ့၊ တချို့ဆို စိတ်ကျလွယ်တာမျိုး၊ အဲဒါတွေက Counselling မလုပ်ရင် ဘယ်လောက်ထိများ အန္တရာယ်ရှိနိုင်ပါသလဲ။
A: ပထမဆုံးဘာဖြစ်လဲဆိုတော့ စိတ်ဖိစီးမှုတွေရတယ်။ များသောအားဖြင့် စိတ်ကျန်းမာရေးမှာ ဘယ်ကစလဲဆိုရင် အဲဒီ စိတ်ဖိစီးမှုဆိုတဲ့ သေးသေးလေးကနေ စကြတယ်။ စိတ်ဖိစီးမှုတွေစဖြစ်တယ်။ အဲဒီ စိတ်ဖိစီးမှုတွေကို ကိုယ့်ဘာသာကိုယ် မရင်ဆိုင်နိုင်ဘူး၊ မကျော်လွှားနိုင်ဘူး။ အဲဒီတော့ စိတ်ဖိစီးမှုတွေ တစ်ခုထက်ပိုပြီး များလာတယ်။ အချိန်တွေပိုကြာလာတယ်။
အဲဒီလိုကြာလာတဲ့အချိန်တွေမှာ စိတ်ဓာတ်ကျတယ်ဆိုတဲ့ ခံစားချက်က စရလာတယ်။ ဘာလုပ်လုပ် မအောင်မြင်ဘူး၊ ဘယ်လိုပဲကြိုးစားကြိုးစား အဆင်မပြေဘူးဆိုတော့ စိတ်ဓာတ်ကျတယ်ဆိုတဲ့ ခံစားချက် ရလာတယ်။ အဲဒါကြီးကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ကူညီပံ့ပိုးမယ့်သူမရှိဘူး၊ ပညာရှင်နဲ့လည်းမဆွေးနွေးဘူးဆိုရင် ကြာလာတော့ စိတ််ကျတယ်ဆိုတဲ့ ခံစားချက်ကိုရောက်လာတယ်။
ကျွန်မတို့ စိတ်ပညာမှာဆိုရင် စိတ်ဓာတ်ကျတယ်ဆိုတာက လက္ခဏာပဲရှိသေးတယ်။ စိတ်ကျတယ်ဆိုမှ ရောဂါဆိုတာ ဖြစ်သွားတယ်။ စိတ်ကျရောဂါရှိနေသည့်တိုင်အောင်မှ သူက အဆင့်တွေအများကြီးခွဲထားသေးတယ်။ ခုမှစခါစလား၊ ဒါမှမဟုတ် အလယ်အလတ်လား၊ အပြင်းစားလား၊ အဲဒီအပေါ်မှာ မူတည်သွားတယ်။ ဆေးသောက်ရမယ်ဆိုတဲ့ အခြေအနေကလည်း သူ့ရဲ့ဖြစ်နေတဲ့ နှုန်းပေါ်မှာမူတည်ပါတယ်။
Q: Counselling လုပ်တယ်ဆိုတဲ့အပိုင်းကို နားလည်သဘောပေါက်နေတဲ့သူတွေက ကျန်းမာရေးလောကတို့၊ နောက်ပြီးတော့ ပညာတတ်အသိုင်းအဝိုင်းလို့ပဲ ပြောရမှာပေါ့နော်။ ဒီလိုမျိုး ကျန်းမာရေးနဲ့ပတ်သက်ပြီး လေ့လာလိုက်စားတဲ့သူတွေလောက်ပဲ သိတာပေါ့။ ဆိုတော့ ဒါကဘယ်လောက်အရေးကြီးတယ်၊ တခုခုဆိုရင် Counselling ကို လက်ခံပြီးတော့လုပ်သင့်တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ဘယ်လိုတွေဆောင်ရွက်သင့်တယ်လို့ မစုဇာ အကြံပေးချင်ပါသလဲရှင့်။
A: အရင်ဦးဆုံး ကျွန်မတို့ထင်လိုက်ကြတာက Counselling ဆိုတာမျိုး၊ စိတ်ကျန်းမာရေးပညာရှင် Psychologist နဲ့ သွားတွေ့တယ်ဆိုတာမျိုးက ပညာတတ်အသိုင်းအဝိုင်းတို့၊ ကျန်းမာရေးလောကကသူတွေ သိမယ်လို့ထင်တာ။ တကယ်တမ်းကျတော့ မဟုတ်ဘူး။ ကျွန်မကျောင်းမှာ ကျန်းမာရေးပိုင်းကလူတွေ အများကြီးရှိတယ်၊ အသိတွေလည်း အများကြီးရှိတယ်။ သူတို့ကိုယ်တိုင်ကိုက ကျွန်မတို့ရှိနေတာကို မသိကြတာ အများကြီးရှိတယ်။ ဒီပညာက ဘယ်လိုလုပ်လို့ရတယ်ဆိုတာ မသိတဲ့သူတွေအများကြီးရှိတယ်။ ပညာတတ်ဆိုတဲ့အခါမှာလည်း ခုနပြောသလို အတန်းပညာမြင့်မားတဲ့သူတိုင်းလည်း သိတာမဟုတ်ဘူး။
အဓိကက အသိပညာပေးမှုက အရမ်းအားနည်းနေတယ်။ မီဒီယာတွေ ရုပ်ရှင်တွေကလည်း ဒါကြီးကို ခွဲခြားဆက်ဆံမှုတွေ အရမ်းပြနေတဲ့အခါကျတော့ တခုခုဆိုရင် စိတ်ကျန်းမာရေးပညာရှင်၊ စိတ်ရောဂါကုဆရာဝန်နဲ့ ဘယ်လိုမှ စကားမပြောချင်ကြဘူး၊ သူတို့ဆီ မသွားချင်ကြဘူး။ ဆိုတော့ အသိပညာပေးမှုက အများကြီးအများကြီးလိုအပ်ပါတယ်။ ဒီလို အသိပညာပေးတဲ့အခါမှာလည်း တစ်ဦးချင်းကစပြီး ပေးမှရမှာပါ။
ဥပမာဆိုရင် အခု အစ်မနဲ့ကျွန်မနဲ့ ပြောကြတယ်ဆိုရင် အစ်မက အနိမ့်ဆုံးတော့ ဒီပညာကဘာလဲဆိုတာ သိသွားပြီ။ သိသွားပြီဆိုတော့ အစ်မအနေနဲ့ အစ်မပတ််ဝန်းကျင်မှာရှိတဲ့သူတွေကို တဖြည်းဖြည်းနဲ့ နည်းနည်းချင်းပြောယူရတာပေ့ါနော်။ ကျွန်မမှာဆိုရင် Reach Out Myanmar- လူတိုင်းအတွက် စိတ်ပညာ ဆိုပြီးတော့ facebook page ရှိတယ်။ အဲဒီမှာ ကျွန်မဆောင်းပါးလေးတွေရေးတယ်။ ကျွန်မတတ်နိုင်သမျှ စိတ်ပညာဆိုတာကို အကြီးကြီးအနေနဲ့ မြင်တာမျိုးမဟုတ်ပဲ စိတ်ပညာဆိုတာ လူတိုင်းရဲ့နေ့စဉ်ဘဝ အခြေခံဘဝမှာ ပတ်သက်နေတယ်ဆိုတဲ့ ပုံစံမျိုး နားလည်လွယ်အောင် စာလေးတွေရေးတယ်။ ဒီလိုဟာတွေကတဆင့်လည်း အသိပညာပေးရတယ်။ အဓိကက တစ်ဦးချင်းစီကနေ ဖြန့်ဝေပေးတာ ပိုကောင်းတယ်။
ပြီးတော့ ခုလိုမျိုး မီဒီယာတွေကနေတစ်ဆင့် ဖော်ပြနိုင်တယ်ဆိုရင် လူတွေက ပိုပြီးသိလာတာပေါ့၊ အဓိကအရေးကြီးဆုံးက ကျွန်မတို့ စကတည်းက ပြောသလိုပေ့ါ။ Counselling ဆိုတာ လုံးဝအသိစိတ်လွတ်မှ သွားရတဲ့ကိစ္စမျိုး မဟုတ်ဘူး၊ နေ့စဉ်ဘဝမှာ ဖြစ်နေတဲ့ပြဿနာတွေ ကိုယ့်ဘာသာ မရင်ဆိုင်နိုင်တော့ဘူး၊ ကိုယ်က တစ်ယောက်ယောက်ကို စကားပြောဖို့လိုအပ်လာတယ်။ အဲဒီသူက မိဘလည်းမဟုတ်ရဘူး၊ ကိုယ့်အိမ်ထောင်ဖက်လည်းမဟုတ်ရဘူး၊ သူငယ်ချင်းလည်းမဟုတ်ဘူး၊ သေချာနားထောင်ပေးနိုင်တဲ့သူတစ်ယောက် လိုအပ်လာပြီဆိုရင်တော့ ဒါမျိုးသွားပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Q: ဟုတ်ကဲ့ပါ မစုဇာရေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရအောင် အစိုးရပိုင်းကလည်း အသိပညာပေးမှု အားနည်းနေတယ်ဆိုတော့လေ၊ ဘယ်လိုမျိုးများ အစိုးရဘက်က ပံ့ပိုးမှုတွေပေးရင် ပိုပြီးကျယ်ပြန့်လာမယ်လို့ ထင်ပါလဲရှင့်။
A: မြန်မာပြည်မှာဆိုရင် မြန်မာနိုင်ငံစိတ်ပညာရှင်များအသင်း ဆိုပြီးတော့ ရှိပါတယ်။ ဒါပေမယ့် ဖွဲ့စည်းမှုတွေ အားနည်းသေးတယ်။ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း ကျွန်မပြောသလို စိတ်ကျန်းမာရေးက အင်္ဂလိပ်လို Psychiatrist နဲ့ Psychologist က ကွဲနေသေးတယ်ပေါ့။ Mental Health လို့ ပြောလိုက်ရင် ကျွန်မတို့လို စိတ်ပညာရှင် Psychologist တွေကို ထည့်သွင်းမှုက အရမ်းအားနည်းနေသေးတယ်။ တခုခုပြောလိုက်ရင်၊ စိတ်ကျန်းမာရေး Mental Health ဆိုရင် Psychiatrist လို့ခေါ်တဲ့ စိတ်ရောဂါကု ဆရာဝန်လို့ပဲ ပြေးမြင်တယ်။ ကျွန်မတို့ရဲ့ ဖြစ်တည်မှုတွေအတွက်လည်း အရမ်းခက်ခဲတယ်။ ဥပမာ အခုမြန်မာပြည်မှာဆိုရင် ကျွန်မတို့ Psychologist ဖြစ်နေတယ်။ ဒါပေမယ့် ဆရာဝန်တွေဆို ဆမရှိသလို ကျွန်မတို့အတွက် လိုင်စင်လိုဟာမျိုးတွေ မရှိဘူး၊ Registration တွေမရှိဘူး။ ဒါတွေအတွက်လည်း အစိုးရပိုင်းက လုပ်ပေးတာတွေ အရမ်းအားနည်းနေတယ်။
ဒါပေမယ့် စိတ်ကျန်းမာရေးမှာ Psychologist တွေအတွက် အားနည်းနေရုံတင်မကဘူး၊ စိတ်ကျန်းမာရေးနယ်ပယ်တစ်ခုလုံးက အားနည်းနေသေးတာပါ။ ခုနောက်ပိုင်းတော့ Mental Health နဲ့ ပတ်သက်ပြီး Psychiatrist တွေဘက်က လုပ်နေတာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ကို ထည့်သွင်းမှုကတော့ အရမ်းအားနည်းနေပါသေးတယ်။
Q: ဟုတ်ကဲ့ပါ မစုဇာရေ။ ခုလိုမျိုး ပြည့်ပြည့်စုံစုံ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင့်။
A: ဟုတ်ကဲ့ ကျွန်မကလည်း ကိုယ်သိထားတဲ့အသိပညာ၊ ပြီးတော့ လူတိုင်းအတွက်အရမ်းအရေးကြီးတဲ့ စိတ်ကျန်းမာရေးအကြောင်း တတ်နိုင်သမျှ ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။