ကျွနု်ပ်တို့သည် “စိတ်ဓာတ်ကျတယ်” ဆိုသော စကားကို မိမိပတ်ဝန်းကျင်မှ လူအများ၏ မကြာခဏ ပြောဆိုသံကို ကြားဖူးနေသလို တခါတလေ ကိုယ်တိုင်ပင် ထိုစကားကို အလွယ်တကူသုံးလေ့ရှိကြပါတယ်။ ကိစ္စရပ်တစ်ခုခု အဆင်မပြေဖြစ် ဖြေရှင်းမရနိုင်ဖြစ်ပြီး စိတ်ဖိစီးမှုတွေ တစ်ရက် တစ်ပတ်ထက်ပိုပြီး ခံစားနေရသောအခါ “စိတ်ဓာတ်ကျတယ်” ဟု စကားကို နှုတ်က ငြီးတွားလာကြ ရပါတယ်။
စိတ်ဖိစီးမှုများရာကနေ စိတ်ဓာတ်ကျသည့် ခံစားချက်ကို ရရှိလာပြီး နောက်ဆုံးမှာတော့ စိတ်ကျရောဂါကို ရရှိလာကြပါတယ်။
ကမ္ဘာပေါ်တွင် သေကြောင်းကြံစည်/အောင်မြင်မှုများ၏ အဓိကအကြောင်းအရင်းများသည် စိတ်ကျခြင်းကြောင့် ဖြစ်သည်။ စိတ်ပျက်ခြင်း၊ စိတ်အားငယ်ခြင်း၊ မျှော်လင့်ချက်ကုန်ဆုံးခြင်းစသည်တို့ ရက်ရှည်ကြာ ခံစားနေရခြင်းသည် လူတစ်ယောက်အား ကိုယ့်ကိုကိုယ်သတ်သေခြင်းသည် ထိုနာကျင်သည့် ခံစားချက်များမှ လွတ်မြောက်ရာလမ်းဟု အထင်ရောက်စေသည်။
သေပစ်လိုက်ချင်သော အတွေးနှင့် သေကြောင်းကြံစည်မှုများသည် စိတ်ကျရောဂါ၏ နောက်ဆုံးအဆင့် လက္ခဏာများဖြစ်သည်။ ထိုအတွေးနှင့် အပြုအမူများသည် လူတစ်ဦး၏ သေကြောင်းကြံမှု အတွေးရှိသည့် နမိတ်ပြလက္ခဏာဖြစ်ရုံသာမက ထိုသူသည် အကူအညီလိုအပ်နေပါကြောင်း အမူအရာဖြင့် အကူအညီ တောင်းခံနေသောကြောင့် သေချာအလေးထား၊ ဂရုပြုသင့်သည်။