တစ်ဦးက တစ်ဦးကို ချစ်တာ.. ဂရုစိုက်တာဟာ သာမန်သဘောအရ ကောင်းတဲ့အရာ တစ်ခုပါပဲ။ လူတစ်ယောက်ကို ဘယ်လို မေတ္တာမျိုးမဆို (၁၅၀၀၊ ၅၂၈) ထားရှိဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ။ သို့သော်ငြား မေတ္တာတရားများလို့ ချစ်တာတွေ ပိုပေးမိတဲ့အခါ တစ်ဖက်လူမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတတ်တာကိုတော့ လူအများစုက သတိမထားမိကြပါဘူး။
ကိုယ့်လူနာတွေထဲမှာတင် လွန်ကဲတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ပညာရေး၊ ကျန်းမာရေး။ လူမှုရေးတွေ ထိခိုက်မှု၊ တိုးတက်မှုမှာ အဟန့်အတားတွေ အများကြီး ခံစားကြုံတွေ့နေရတာတွေ ရှိပါတယ်။ မြန်မာစကားပုံအရ “ စေတနာက ဝေဒနာဖြစ်တယ်” ပေါ့။ ပေးတဲ့သူကိုလဲ အပြစ်မတင်နိုင် ခံစားရတဲ့သူဘက်ကလည်း မသက်သာတော့ အချိန်ကြာလာတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးဖြစ်စေ တဖက်ဖက်ကဖြစ်စေ စိတ်ပိုင်းဆို်င်ရာ ဝေဒနာကို ခံစားရတော့တာပါပဲ။ နှစ်ဖက်စလုံးက မှန်ပါတယ်။ ဒါပေမယ့် အဲဒီအမှန်တရားက မှားနေတာပါ။
လူတိုင်းရဲ ကြီးပြင်းလာမှုမတူသလို၊ နေထိုင်ချင်တဲ့ ပုံစံလည်း မတူပါပဲ။ ဖူးဖူးမှုတ် ဂရုစိုက်တာ လိုချင်တဲ့သူကို လိုလေသေးမရှိ ချစ်တာဂရုစိုက်တာက ဘာမှ မဖြစ်သော်ငြား လွတ်လပ်စွာ တွေးခေါ်နေချင်တဲ့သူ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တဲ့သူအတွက်ကတော့ မွန်းကျပ်မှု၊ လှောင်ပိတ်မှုကို ခံစားရစေပါတယ်။
ဥပမာနဲ့ ပြောရရင်.. အရမ်းအချစ်ခံရတဲ့လူတစ်ယောက်ဟာ အနာဂတ်မှာ သူများကို ချစ်ရမှာလည်းကြောက်သလို သူ့ကို ချစ်ခြင်းဖြင့် နှောင်ဖွဲ့တော့မယ်လို့ ထင်သမျှလူတိုင်းကို အဝေးကို တွန်းထုတ်ခြင်း သို့ ကိုယ်တိုင် ရှောင်ပြေးခြင်းတို့ကို မလွဲမသေလုပ်ပါတော့တယ်။
ဒါဆိုမေးစရာရှိပါမယ်.. ချစ်တာ ဂရုစိုက်တာ မခံချင်တဲ့သူများ ရှိမလားလို့ပေါ့။ အဖြေက.. မရှိပါဘူး။ ချစ်တာက အပြစ်လားဆိုတော့လည်း ဖြေရခက်ပါတယ်။ သို့သော် “ တင်းလွန်းတဲ့ ကြိုး ပျက်တဲ့သလို လျော့လွန်းတဲ့ကြိုး အသံကောင်းမထွက်” ဆိုသလို ကိုယ်ပေးချင်တဲ့သူရဲ့ စိတ်နေသဘောသဘာဝကို လေ့လာပြီး လိုအပ်တဲ့အချိန် လိုအပ်တဲ့အရာကို ပေးတာ အထိရောက်ဆုံးပါပဲ။ နားလည်မှုဆိုတာ ချစ်ခြင်း မေတ္တာ တစွန်းတစမှ မပါပဲ လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။
သင့်ချစ်ခြင်း မေတ္တာကရော အထောက်အပံ့ဖြစ်စေတာလား၊ မွန်းကျပ်စေတာလား?????