Reach Out Myanmar (လူတိုင်းအတွက် စိတ်ပညာ)မှ ကြိုဆိုပါသည်။ ကျွန်ုပ်တို့ စိတ်ကျန်းမာရေး ပညာရှင်များက လာရောက်ဆွေးနွေးသူများ၏ဘဝကို ကျေနပ်ပျော်ရွှင်မှုများဖြင့် ရှင်သန်နေထိုင်နိုင်ရန်အတွက် အပြုအမူနှင့် စိတ်ပညာသိပ္ပံကို အသုံးပြု၍ ကူညီပေးပါသည်။ အောက်ဖော်ပြပါ အကြောင်းအရာများကို သေချာစွာဖတ်ရှုပါရန်နှင့် သိလိုသည်များရှိပါက မေးမြန်းနိုင်ပါသည်။

 

သတင်းအချက်အလက် လုံခြုံမှု

ယေဘူယျအားဖြင့် သင်နှင့် စိတ်ပညာရှင်ကြားမှ ဆွေးနွေးမှုအားလုံးသည် လုံခြုံမှုအပြည့်ရှိပြီး ဖြစ်ပါသည်။ စိတ်ပညာရှင်သည် သင်၏သဘောတူညီမှုဖြင့်သာ လိုအပ်သောသူများသို့ သတင်းအချက်မျှဝေခြင်း ပြုလုပ်ပါသည်။ ထို့အပြင် သင်နှင့် စိတ်ပညာရှင်၏ တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေခြင်းကိုလည်း မည်သူ တဦးတယောက်ကိုမှ အသိပေးခြင်း ပြုလုပ်မည် မဟုတ်ပါ။ သို့သော် အောက်ဖော်ပြပါ အချက်များသည် ချွင်းချက်ဖြစ်သည်။

  • အကယ်၍ သင်သည် မိမိကိုယ်ကို ထိခိုက်နာကျင်စေရန် ခြိမ်းခြောက်သည့် အခြေအနေမျိုးတွင် စိတ်ပညာရှင် သည် အရေးပေါ်ဆက်သွယ်ရမည့်သူ၊ မိသားစုဝင်များ (သို့) ကာကွယ်မှုပေးနိုင်သည့် အခြားသော ပုဂ္ဂိုလ်များသို့ သင်၏သတင်းအချက်အလက်များကို လိုအပ်သလို မျှဝေမည်ဖြစ်သည်။
  • အကယ်၍ သင်သည် အခြားသူတစ်ယောက်ကို ထိခိုက်နာကျင်စေရန် နှင့်/သို့ တစုံတဦးသည် သင့်ကြောင့် ထိခိုက်နာကျင်ရဖွယ်ရှိပါက စိတ်ပညာရှင်သည် လိုအပ်သလို ကာကွယ်မှုကို ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းတွင် စိတ်ပညာရှင်သည် ထိခိုက်နိုင်ဖွယ်ရှိသောသူ၊ သက်ဆိုင်ရာလုံခြုံရေး ဝန်ထမ်းများအား အကြောင်းကြားခြင်းနှင့် သင့်အား ဆေးရုံသို့ ပို့၍ ဆေးကုသမှု ခံယူနိုင်ရန် လုပ်ဆောင်ခြင်းများ ပါဝင်သည်။
  • ဥပဒေရေးရာကိစ္စများတွင် မြန်မာနိုင်ငံ၏ ဥပဒေလုပ်ထုံးလုပ်နည်းများအရ စိတ်ပညာရှင်မှ သင်၏ဆွေးနွေးမှု မှတ်တမ်းကို တင်ပြရနိုင်ခြေရှိသည်။ ဥပမာအားဖြင့် တရားသူကြီးသည် စိတ်ပညာရှင်ထံမှ ထွက်ဆိုမှုကို တောင်းဆိုနိုင်သည်။ ထိုအခြေအနေမျိုးတွင် စိတ်ပညာရှင်သည် တရားရေးရာတွင်မပါဝင်ခင် သင်၏ဥပဒေ အကြံပေးနှင့် ဦးစွာတိုင်ပင်သင့်သည်။

စိတ်ပညာရှင်သည် သင့်အား အထိရောက်ဆုံးသော ကုသမှုပေးရန်အတွက် အခါအားလျော်စွာ လူနာမှတ်တမ်းများကို အခြားသော စိတ်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးမှု ပြုလုပ်နိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုးများတွင် စိတ်ပညာရှင်သည် စောင့်ထိန်းအပ်သော ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများအတိုင်း သင်မည်သူမည်ဝါ ဖြစ်သည်ကို အတတ်နိုင်ဆုံး ကြိုးစား ဖုံးကွယ်ထားမည် ဖြစ်သည်။

ဆွေးနွေး (ကုသ)မှု မှတ်တမ်း

စိတ်ပညာရှင်သည် သင်နှင့် ဆွေးနွေးမှုများကို ပညာရပ်ဆိုင်ရာ မှတ်တမ်းတခုအနေဖြင့် ထားရှိမည် ဖြစ်သည်။ ထိုမှတ်တမ်းများကို မိတ္ထူသော်လည်းကောင်း မှတ်တမ်းအနှစ်ချုပ်ကို သင်လိုအပ်လျှင် တောင်းဆိုနိုင်သည်။

 

ဆွေးနွေး(ကုသ)မှု ဝန်ဆောင်ခ

ဆွေးနွေးကုသမှုများ (စာပို့ဆွေးနွေးခြင်းမှအပ)အားလုံးအတွက် သတ်မှတ်ထားသော ဝန်ဆောင်ခမှာ စိတ်ကျန်းမာရေးပညာရှင်အတွက် တကြိမ် (မိနစ် ၄၅မှ ၆၀အထိ)လျှင် (                    ) ကျပ် ဖြစ်ပါသည်။ Reach Out Myanmar (လူတိုင်းအတွက် စိတ်ပညာ)တွင် ဤဝန်ဆောင်ခကို မတတ်နိုင်သော သူများတွက် အခြားသော ဝန်ဆောင်ခ ပေးချေမှုစနစ်တခု ထားရှိပါသည်။ ဤစနစ်ကို သင်လိုအပ်ပါက ပထမဆုံးအကြိမ် တွေ့ဆုံမှု အပြီးတွင် မေးမြန်းနိုင်ပါသည်။

ထို့အပြင် စိတ်ပညာရှင်သည် ထိုဝန်ဆောင်ခအတိုင်း အခြားသော ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ကောက်ခံပါသည်။ မိနစ် ၅၀ထက်နည်းသော လုပ်ဆောင်မှုများအတွက် ထိုဝန်ဆောင်ခကို မိနစ်အလိုက်ခွဲ၍ ကောက်ခံပါသည်။ အခြားသော ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ တွင်  report ရေးခြင်း၊ ၁၀မိနစ်ထက်ပိုသော ဖုန်းနှင့် အင်တာနက်မှ ခေါ်ဆိုဆွေးနွေးခြင်း၊ အခြားသော ပညာရှင်များ(ဥပမာ စိတ်ကျန်းမာရေး ဆရာဝန်)များနှင့် တွေ့ဆုံခြင်း၊ ဆွေးနွေးကုသမှု မှတ်တမ်း အကျဉ်းချုပ်များ ပြင်ဆင်ခြင်းနှင့် သင်တောင်းဆိုလာသော (သင့်တင့်သည့်) ဝန်ဆောင်မှုများ ပါဝင်သည်။

 

ရက်ချိန်းဖျက်ခြင်း (သို့) ပြောင်းခြင်း

သင်ယူထားသော ရက်ချိန်း (အချိန်)ကို ဖျက်လိုသည်ဖြစ်စေ ပြောင်းလဲလိုသည်ဖြစ်စေ အနည်ဆုံး ရက်ချိန်းမှ ၂၄နာရီထက် နောက်မကျစေပဲ အကြောင်းကြား ဆက်သွယ်ရမည်ဖြစ်သည်။ ပြည်တွင်းနေ သူများသည် ဖုန်း ၀၉၇၆၇၁၂၈၉၂၇ ကို ခေါ်ဆိုရမည်ဖြစ်ပြီး ပြည်ပနေသူများသည် viber (၉၅) ၉၇၆၇၁၂၈၉၂၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်ရမည်ဖြစ်သည်။ ချိန်းဆိုထားသည့်အချိန်မှ ၂၄နာရီအောက် နောက်ကျ၍ ဆက်သွယ်လာခြင်းများအတွက် ရက်ချိန်းဖျက်/ပြောင်းလဲခြင်းမူဝါဒအရ ဝန်ဆောင်ခ၏ ၅၀%၊ အကြောင်းကြားခြင်းမရှိသော ပျက်ကွက်မှုအတွက် ၁၀၀% (တကြိမ်စာအပြည့်)ကို ကောက်ခံသွားမည် ဖြစ်ပြီး ရက်ချိန်းအသစ်တခုကို ပြန်လည်ယူနိုင်သည်။

 

ဆက်သွယ်ခြင်း

စိတ်ပညာရှင်များနှင့် ရက်ချိန်းယူခြင်းများ၊ မေးမြန်းစုံစမ်းခြင်းများအတွက် ဖုန်း ၀၉၇၆၇၁၂၈၉၂၇ (သို့) https://www.facebook.com/ReachOutMyanmar/ (သို့) [email protected] သို့ ဆက်သွယ်နိုင်ပြီး ရုံးချိန်အတွင်း ပြန်လည် ဖြေကြားပေးပါသည်။

ယေဘူယျအားဖြင့် စိတ်ပညာရှင်များသည် သင်နှင့်အတူလုပ်ဆောင်နေသော ကုသမှုများကို ဖုန်း၊ အင်တာနက်များမှတဆင့် ဆွေးနွေးခြင်းမပြုလုပ်ပါ။ သင်ပို့ထားသော စာများကို စိတ်ပညာရှင်များမှ အမြဲ စာပြန်နိုင်မည် မဟုတ်သော်လည်း စာပါအကြောင်းအရာများကို နောက်တကြိမ်တွေ့ဆုံမှုတွင် ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။ သို့သော် အရေးကြီးသော အခြေအနေများအတွက် ဖုန်း၊ Viber ဖြင့် ၀၉၇၆၇၁၂၈၉၂၇  သို့ဆက်သွယ်လာပါက စိတ်ပညာရှင်မှ အတတ်နိုင်ဆုံးပြန်လည်ခေါ်ဆိုမည်ဖြစ်ပြီး email ဖြင့်ပို့လာပါ အလုပ်လုပ်ချိန် ၂-၃ရက်အတွင်း စာပြန်ပေးပါသည်။

 

ဆွေးနွေး (ကုသ)မှု လုပ်ငန်းစဉ်ကို နားလည်မှု

ကျွန်ုပ်သည် စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေး (ကုသ)မှုတလျှောက်ပါဝင်မည်ဖြစ်ပြီး ဤဆွေးနွေးမှုသည် ၅ကြိမ်ထက်မနည်းနှင့် ကျွနု်ပ်၏အခြေအနေပေါ်မူတည်၍ အကြိမ်ရေကွာခြားမည်ကို နားလည်သဘောပေါက်ပါသည်။

စိတ်ကျန်းမာရေးပညာရှင်မှပေးလာနိုင်သော လုပ်ဆောင်ရန် (အိမ်စာ)များ ဥပမာ.. စာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ အပြုအမူ အနေအထိုင်ပြောင်းလဲခြင်းနှင့် ကျွန်ုပ်အတွက် သင့်တော်သော အခြားသောအရာများကို လုပ်ဆောင်ရမည်ကို နားလည်ပါသည်။ ထို့အပြင် ကျွန်ုပ်၏ကိုယ်ပိုင်လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တွင် အလုံးစုံတာဝန်ရှိပြီး ဆွေးနွေးကုသမှုအတွင်း ဆုံးဖြတ်ရန်ကိစ္စများ ရှိလာပါကလဲ ကျွန်ုပ်ကိုယ်တိုင်အမြဲတမ်း စဉ်းစား ဆုံးဖြတ်ရမည်ကို နားလည်ပါသည်။

ကျွန်ုပ်၏ အခက်အခဲများအတွက် ကိုယ်တိုင်အားထုတ်မှုပြုလုပ်မှသာ ပြေလည် ကျော်လွှားနိုင်မည်ဖြစ်ပြီး ရိုးသားမှု၊ လုပ်ချင်စိတ်အပေါ်တွင်လဲ အများကြီးမူတည်ကြောင်း နားလည်ထားပါသည်။ ထို့ကြောင့် ဘဝကို ရှေ့ဆက်ရန် အတွက် လိုအပ်သော အပြောင်းအလဲများကို ခက်ခဲ နာကျင်သော်လည်း ကြိုးစားရမည်ကို သိနားလည်ပါသည်။

 

 

အထက်ဖော်ပြပါ အကြောင်းအရာများကို သေချာစွာဖတ်ရှုပြီး နားလည်လက်ခံပါသည်။