ကျန်းမာခြင်းဆိုတာဘာလဲ
ဒီမေးခွန်းကို လူမှုစိတ်ပညာသင်တန်းပေါင်းများစွာရဲ့ အဖွင့်မှာ ကျွန်မ မေးလေ့ရှိပါတယ်။ ၉၉ %သောသူတွေဖြေတာက ကိုယ်ခန္ဓာအနာရောဂါကင်းတယ်၊ စိတ်ပျော်ရွှင်မယ်၊ စိတ်ဖိစီးမှုကင်းရင် ကျန်းမာတယ်တဲ့။ ၁ % သောသူတွေက လူမှုဆက်ဆံရေးကလဲ ကောင်းဖို့လိုတယ်လို့ ဖြေပါတယ်။ ဘာဖြစ်လို့လဲ..
ဒါတွေက ဆက်စပ်နေလို့ပါ။ မိသားစုမှာ လူ့ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် မနေတတ်တဲ့သူရဲ့ စိတ်ရဲ့ က ပျော်ရွှင်နိုင်မှာ မဟုတ်သလို စိတ်ထောင်းရင် ကိုယ်ကျေတယ်ဆိုတဲ့ မြန်မာစကားပုံကရှိပြန်တယ်၊ နေမကောင်းတဲ့သူကလဲ စိတ်ပျော်ရွှင်နိုင်မဟုတ်ပါဘူး။ WHO ကတော့ ဒီ၃ခုကောင်းမွန်ခြင်းက ကျန်းမာခြင်းလို့ ပြောထားတယ်။
ဒါပေမယ့် ဦးနှောက်ရဲ့ အာဟာရအတွက် အသိပညာတွေ၊ ဘဝအတွက် ဗဟုသုတတွေ၊ စားဝတ်နေရေး ပညာရေးအတွက် ငွေကြေး၊ အလုပ်အကိုင်၊ ယုံကြည်ရာ ကိုးကိုယ်ရာ ဘာသာတရား ကျွန်မတို့ရဲ့ နေ့စဉ်လူ့ဘဝမှာ ကင်းလို့မရတဲ့ အရာပါ။
ဒီ ရချက်စလုံးက တစ်ခုနဲ့ တစ်ခု နဲ့ ဆက်စပ်နေပါတယ်
လူ့ဘဝဟာ ခရီးတစ်ခုဆိုရင် ဒီအရာတွေက ဘီးတစ်ခုလိုပါပဲ။
ဒီဘီးက ရေရှည်သွားဖို့ ဒီအချက်တွေက ဘက်ညီဖို့ ကြံခိုင်ဖို့လိုအပ်ပါတယ်။ ဘဝရဲ့ ဘီးဆိုတာကို ယနေ့ခေတ်မှာ ပညာရှင်များစွာက နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ သုံးနေကြပါတယ်။
ကိုယ့်ရဲ့ ဘီးက လက်ရှိ ဘယ်လိုအခြေအနေရှိလဲ ဝန်ရိုးတွေ ဘက်ညီရဲ့လား ကျွန်မနဲ့ အတူ ခဏစဉ်းစားကြည့်ရအောင်။
ကိုယ့်မှာ စာရွက်နဲ့ ဘောပင်ရှိမယ်ဆိုရင် (မရှိခဲ့ရင် စိတ်ထဲမှာဆွဲပါ) နေ့စဉ်ဘဝရဲ အစိတ်အပိုင်း ရခုအတွက် မျဉ်း ရကြောင်းဆွဲလိုက်ပါ။ အလယ်က ၀% မျဉ်းဆုံးကို ၁၀၀%လို့ သဘောထားပြီး ယနေ့အချိန်ထိ ကိုယ့်ဘဝရဲ့ အချိန်တွေကို ဘာအစိတ်အပိုင်းမှာ ဘယ်လိုပေးထားသိနိုင်ဖို့ တစ်ခုချင်းစီကို အမှတ်ပေးကြည့်ပါ။
ပြီးတော့ အမှတ်တွေကို ဆက်ကြည့်ပါ၊ ဘာပုံထွက်လာသလဲ။
မညီညာတဲ့ ဘီးဟာ ရေရှည်သွားဖို့ ခက်ခဲသလိုပဲ ကျိုးလွယ်ပျက်လွယ်ပါတယ်။ ငွေ၊ ရာထူး၊ အိမ်၊ကားတွေရှိနေပေမယ့် မိသားစုတွေ တကွဲတပြားနေရတဲ့ဘဝ၊ အလုပ်တွေဖိလုပ် ပိုက်ဆံတွေ ချမ်းသာပြီး နေထိုင်မကောင်းဖြစ်နေတဲ့ဘဝက နေပျော်စရာကောင်းပ့ါမလား။
ကိုယ့်ဘီးက သေးချင်သေးလိမ့်မယ် ဒါပမေယ့် မညီညာတဲ့ ဘီးထက်ကြံခိုင်ပြီး ရေရှည်မှာ တဖြည်းဖြည်းနဲ့ ကြီးလာအောင် ချဲ့လာနိုင်တယ်။
ဒါဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း၊ selfcare ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း (selfcare) က ဘာကြောင့်အရေးကြီးတာလဲ။ ရေစက်တစ်ခုမှာ ဂယက်တွေ ရှိသလိုပဲ
ကိုယ်တိုင် ဘယ်လို ကျန်းမာအောင် ပျော်ရွှင်အောင် နေရမလဲ ဘဝမှာ ဘက်ညီအောင် နေရလဲ မသိဘူးဆိုရင် ကိုယ်ချစ်ရတဲ့ သူတွေဆီကို ဘယ်လို လက်ဆင့်ကမ်းမှာလဲ။
လူဆိုတာ တစ်ယောက်ထဲ မနေတတ်ကြတဲ့ သဘာဝမို့ ကိုယ့်ဘဝမှာ လက်တွဲဖော်ရှိလာတဲ့အခါ ခရီးတစ်ခု ဘီးနှစ်ခုနဲ့ စတင်လည်ပတ်ရော။ မညီညာတဲ့ ဘီးနှစ်ခု ဒါမှမဟုတ် အရွယ်မတူတဲ့ ဘီးနှစ်ခု ခရီးတစ်ခု အတူတူသွားရာကနေ အိမ်ထောင်ရေး အဆင်မပြေမှုတွေ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတတ်ပါတယ်။
အဲ့ဒီကနေတဆင့် မိသားစုလေးရှိလာချင်တဲ့အခါ မိဘဘယ်နှစ်ယောက်က ကလေးမယူခင်မှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ကြသလဲ.. လူအများစုကတော့ ကိုယ်ခန္ဓာကျန်းမာအောင် ပြင်ဆင်မှုတွေ လုပ်ကြပေမယ့် သူတို့ရဲ့ စိတ် ခံစားမှုတွေ အသိပညာတွေက မိဘဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာကို ဆန်းစစ်မှုကတော့ ရှားပါလိမ့်မယ်..ဒါတွေက ရေးကြီးသလားလို့ မေးစရာဖြစ်လာတယ်။
မိသားစု ရန်ပွဲတွေကြားကြီးပြင်းလာခဲ့သူ၊ ကြမ်းတမ်းစကားတွေ အများကြားခဲ့ရသူတွေ..
“အသုံးမကျဘူး၊ ထမင်းစားတာချင်းအတူတူ ဒီလောက်ပဲ ရတာလား” ဒီလိုနည်းနဲ့ ကျေးဇူးဆပ်တာလား
မွေးရကျိုးမနပ်ဘူး
ချစ်ခြင်းမေတ္တာ မရခဲ့သူတွေ၊ ဖြစ်ချင်တာ ဖြစ်ခွင့်မရခဲ့သူတွေဟာ သူတို့ မိဘဖြစ်လာတဲ့အခါ ဒီအတွေ့အကြုံတွေဟာ သားသမီးတွေကို တနည်းမဟုတ် တနည်းနဲ့ လက်ဆင့်ကမ်းဖို့ အခွင့်အလမ်းပိုများတယ်..
စိတ်ကျန်းမာရေးပညာရှင်တစ်ယောက်အနေနဲ့ ၁ဝနှစ်အထက် ကလေးကစလို့ အသက် ၅၀ ကျော် လူကြီးအရွယ်အထိ စိတ်ကျန်းမာရေးဆွေးနွေးမှုတွေ လုပ်ပါတယ်။
ဒီလူတွေ အများစုရဲ့ စိတ်ကျန်းမာရေးအခက်အခဲတွေရဲ့ အရင်းအမြစ်က မိဘတွေရဲ့ ပြုစုပျိုုးထောင်ပုံတွေကြောင့်ဆိုတာ စိတ်မကောင်းစွာ တွေ့ရတယ်။ ကျွန်မဆွေးနွေးခဲ့တဲ့ မြောက်များစွာသော အဖြစ်အပျက်တွေ ထဲက ၄ခုကို ပြောပြချင်ပါတယ်
တအိမ်ထဲ နေပေမယ့် မိဘနဲ့ အတူထမင်းစားရတာ၊ စကားလက်ဆုံကျတာ မရှိဘူး။ အိမ်က မနွေးထွေးဘူး.. အထီးကျန်တယ်ဆိုပြီး သူ့ကိုယ်သူကိုယ်နာကျင်အောင် ခဏခဏလုပ်တဲ့အပြင် သေကြောင်းကြံဖို့ ကြိုးစားတာကြောင့် ကျွန်မဆီရောက်လာခဲတဲ့ ၁၄နှစ်အရွယ် ကလေးတစ်ယောက်
စိတ်ကျနေတာကို မခံနိုင်တော့တဲ့အဆုံး မိဘကို အကူအညီတောင်းတဲ့အခါ
ဒါဆိုစိတ်ဓာတ်မကျအောင်နေလေ
လို့ အပြောခံခဲ့ရတဲ့ ၁ရနှစ်အရွယ် ကလေးတစ်ယောက်က “ ဆရာမရေ အဖေနဲ့ အမေကို သူခံစားနေရတာတွေကို ကူပြီးရှင်းပြပေးပါဦး” တဲ့။
မိဘတွေဖြစ်စေချင်တဲ့ ဆရာဝန်၊ စီးပွားရေးလိုင်းတွေကို မယူပဲ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခဲ့တဲ့ ရလဒ်က အောင်မြင်မှုတွေ ဘယ်လောက်ရှိရှိမိသားစုရဲ့ အသိအမှတ်ပြုမှု၊ ချီးမွမ်းမှု၊ လက်ခံမှု ဘယ်တော့မှ မရခဲ့တဲ့ ၂ရနှစ်အရွယ် ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်။
နှစ်ပေါင်း ၅၀ ကျော် မိခင် တတ်စေချင် ပညာ၊ လုပ်စေချင်တဲ့ အလုပ်၊ ယူစေချင်တဲ့ ယောက်ကျားကိုယူခဲ့တဲ့အပြင် အဲဒီယောက်ကျားနဲ့ အိမ်ထောင်ရေးအဆင်မပြေလို့ကွာရှင်းချင်တာတောင် မိခင်က အိမ်ထောင်မပျက်ကောင်းဘူး၊ သည်းခံပေါင်းဆိုတာကို နာခံခဲ့ရလဒ်…. စိုးရိမ်မှုနှင့် စိတ်ကျခြင်းကို ခံစားနေရတဲ့ အသက် ၅၅ နစ်အရွယ် မိခင်တစ်ယောက်။
ဒီအဖြစ်အပျက်တွေမှာ ဘာတွေလစ်ဟာနေတာလဲ။
သူတို့အားလုံးမှာ စားဝတ်နေရေးပညာရေးအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတဲ့၊ သူတို့ကို ချစ်တဲ့ အောင်မြင်စေချင်တဲ့ မိဘတွေရှိတယ်။ မိဘတွေက ဝတ္တရားကျေအောင် ကြိုးစားကြတယ်။ ဒါပေမယ့် ကလေးတွမှာတော့ စိတ်ထိခိုက်နာကျင်မှုတွေနဲ့။
ဒါဆို မေးစရာဖြစ်လာတာက ကျွန်မတို့ရဲ ချစ်ခြင်းက ကျန်းမာရဲ့လား နည်းလမ်းကျရဲ့လား။
မိဘတွေအများစု ဖြေကြတာက သူတို့သားသမီးတွေရဲ့ တိုးတက်အောင်မြင်မှုဟာ မိဘတွေရဲ့ပျော်ရွှင်မှုပဲတဲ့။
ကိုယ်ဖြစ်စေချင်တာ ဖြစ်ခွင့်မရတာတွေကို ကလေးတွေကို လုပ်ခိုင်းရင်း ကိုယ်ရဲ့လာတဲ့ ပျော်ရွင်မှုက ကလေးတွေရဲ့ အိမ်မက်တွေ ပျော်ရွှင်မှုကို စတေးခဲ့ရတာဆိုရင် အဲဒီပျော်ရွှင်မှုမျိုး လိုချင်သေးလား။
ကိုယ်ကိုကိုယ်တိုင် ပြန်မေးကြည့်ပါဦး။ ကိုယ်သာဆိုရင် ဘယ်အရာက ကိုယ့်ကို ပျော်ရွှင်စေမှာလဲ။ ဘယ်အခြေအနေမျိုးနဲ့ ကြီးပြင်းလာချင်လဲ။
လူကြီးတစ်ယောက်အတွက် ဒီရချက်ပါတဲ့ ဘီးဟာ ညီမျှဖို့ လိုအပ်သလို ကလေးတစ်ယောက်အတွက်
နေစရာ၊ အဝတ်အစား အသုံးအဆောင် ငွေကြေး ပညာရေး ကျန်းမားရေးသာမက ချစ်ခြင်းမေတ္တာနဲ့ မိသားစုဘဝဆက်ဆံရေး၊ သူတို့အပေါ် လေးစားမှု ပံ့ပိုးမှုတွေ လိုအပ်တယ်။
လက်ဦးဆရာ မိနဲ့ ဖဆိုတဲ့ ဆိုးရိုးစကားအတိုင်း
ခန္ဓာကိုယ်ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရလဲ သိတဲ့မိဘ ကျင့်ကြံနေထိုင်နေတဲ့သူရဲ့ ကလေးတစ်ယောက်ဟာ ခန္ဓာကျန်းမာစွာနဲ့ ကြီးပြင်းလာဖို့ အခွင့်အလမ်းများတယ်။
ဘဝမှာ ခံစားခဲ့ရာတာတွေ နာကျင်ခဲ့ရတာတွေ ရှိသည့်တိုင် ဒီစိတ်ပိုင်းဆိုင်ရာတွေကို သေချာကုစားလို့ စိတ်ကျန်းမာအောင် နေထိုင်တတ်တဲ့သူဟာ သူ့ကလေးရဲ့ စိတ်နဲ့ ခံစားမှုပိုင်းဆိုင်ရာတွေမှာ အနာတရအနည်းဆုံးဖြစ်စေဖို့ ကျန်းမာဖို့ အာရုံစိုက်မှာ မလွဲဘူး။
မတူညီတဲ့ လူတွေကြားမှာ သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ သိတဲ့သူ သင်ယူလေ့လာရင်း ဘက်ညီတဲ့ ဆက်ဆံရေးတွေကို သူ့ပတ်ဝန်းကျင်မှာ တည်ဆောက်ထားနိုင်တဲ့သူတွေဟာ သူတို့ကလေးတွေကို အသက်အရွယ်အလိုက် လူမှုဆက်ဆံရေးနဲ့ ပတ်သက်လို့ သင့်တော်သလို သင်ကြားပေးဖို့ မေ့မှာ မဟုတ်ပါဘူး။
ကိုယ်ရဲ့ ချစ်ခြင်းမေတ္တာစေတနာတွေက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေမဖြစ်စေဖို့ ကိုယ်တိုင်ကစလို့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ကြရအောင်။
မိမိကိုယ်ပိုင်ဘဝကို ဘက်ညီအောင် ဂရုစိုက်ရင်း ကျန်းမာပျော်ရွှင်ခြင်း ဂယက်တွေကို ချစ်ရတဲ့လူတွေဆီ ဒီနေ့ကစလို့ ဖြန့်ဝေနိုင်ပါစေ။
စုဇာမွန်
TEDx Yangon
2.2.2020