ဒီမိဘမျိုးသည် သားသမီးများအပေါ်တွင် စည်းကမ်းချမှတ်မှု အလွန်နည်းပါးသည့်အပြင် သူတို့ဖြစ်စေချင်သည့် ဘဝ၊ပုံစံများလည်းမရှိပေ။ ဤမိဘမျိုးသည် ကလေးများကို ဘာဖြစ်ရမည်ဟု တောင်းဆို ပြောဆိုခြင်းထက် ဘာလုပ်ပေးရမလဲဆိုတာပဲ အာရုံစိုက်တတ်ကြသည်။
သူတို့သည် အခြားအုပ်ချုပ်ပုံစံမှ မိဘများထက် သားသမိီးများအပေါ် ချစ်လွန်းခြင်း၊ စိတ်ရှည်သည်းခံလွန်းခြင်း၊ ကလေးအတွက် ရေရှည်ကောင်းသည် ဆိုးမည် မစဉ်းစားပဲ အလိုလိုက် အကြိုက်ဆောင် ဖူးဖူးမှုတ်ထားလွန်းခြင်းတို့ကြောင့် ကလေးများ မိမိကိုယ်ကို ထိန်းကျောင်းနိုင်ခြင်းနှင့် ရင့်ကျက်မှုရှိခြင်း မရှိခြင်းအပေါ်တွင် စိတ်မဝင်စားပေ။ ထို့အပြင် ကလေးများ ဖြစ်ချင်/လုပ်ချင်သည့် ဆန္ဒများကိုမည်သည့်အခါမှ အတိုက်အခံလုပ်၍ မငြင်းဆိုတတ်ပဲ မျက်နှာတချက် အညိုမခံပေ။
ဤမိဘမျိုးသည်~ ~~
– ပြုမူ ပြောဆိုနေထိုင်ခြင်း အတတ်ပညာအတွင် စည်းကမ်းနှင့် သတ်မှတ်ချက် အနည်းငယ်(ရှိသည်ဆိုရုံ) သာရှိခြင်း
– စည်းကမ်းရှိခဲ့ရင်တောင် အမြဲတမ်းနီးပါး ဖြေလျော့ပေးခြင်း
– မိဘထက် သူငယ်ချင်းလိုပုံစံမျိုး ဆက်ဆံခြင်း
– မက်လုံးပေး၍ ကလေးများကို ပြုမူနေထိုင်စေခြင်း (ဥပမာ- ကျူရှင်မှန်မှန်သွားရင် အရုပ်/လက်ဆောင်/ အစားအစာများပေးမည်)
ကလေးများအပေါ် အကျိုးသက်ရောက်မှု ~~
– ကိုယ်ပိုင် စည်းကမ်းမရှိခြင်း/အားနည်းခြင်း
– တခါတရံတွင် လူမှုဆက်ရေးမကောင်းခြင်း
– ကိုယ်တိုင်လုပ်ခြင်းထက် တောင်းဆိုမှုများလွန်းခြင်း
– စည်းကမ်းနှင့် လမ်းညွန်မှုများအားနည်းခြင်းကြောင့် မလုံခြုံမှုကို ခံစားရတတ်ခြင်း
– အမြဲတမ်း အဆင်သင့်ရနေသူတစ်ယောက်ဖြစ်သောကြောင့် ကို်ယ်တိုင်လုပ်ရမည်ဆိုလျှင် ဘာမှ မလုပ်တတ်မကိုင်တတ်ဖြစ်ခြင်း
အလိုလိုက်လွန်းသောအုပ်ချုပ်မှုပုံစံသည် သုတေသနရလဒ်များအရ အရွယ်မတိုင်ခင် ကလေးများ အရက်သောက်သုံးမှုနှင့် အလွန်အကျွံ သောက်သုံးမှုများကိုဖြစ်စေသည်။ ထို့အပြင် မူးယစ်စေတတ်သော အရာများသုံးစွဲခြင်းနှင့် အန္တရာယ်ဖြစ်စေသော မသင့်လျော်သော အပြုအမှု၊ လုပ်ဆောင်မှုများကို လုပ်ဆောင်တတ်ကြောင်းတွေ့ရသည်။ စည်းကမ်းဆိုတာကို မသိသည့်အတွက်ကြောင့် ကျောင်းတွင် အခြားကလေးများထက် ပညာရေးနှင့် စည်းကမ်းလိုက်နာမှုတွင် အားနည်းတတ်ကြသည်။ အချို့ (အလွန်နည်း) ကလေးများသည် ပေါင်းသင်းခြင်း ကောင်းတတ်သော်လည်း အခြားအရေးကြီးသော ဥပမာ ဝေမျှခြင်း (sharing)တွင် အားနည်းတတ်သည်။
ဥပမာတွေ အများကြီးထဲမှ ဤမိဘမျိုးမှ ကြီးပြင်းလာသည့် ကလေးတစ်ယောက်၏အကြောင်းကို ပြောပြလိုပါသည်။
သူ၏ အမေသည် ငုံထားမတတ်ချစ်သည့်အပြင် ဘာမှ လိုလေသေးမရှိရလေအောင် မျက်စိအောက်က အပျောက်မခံ ဂရုစိုက်ပါသည်။ သို့သော် ဆယ်ကျော်သက်အရွယ်ရောက်လာသောအခါ သူသည် အခြားကလေးများကဲ့သို့ လွတ်လပ်စွာနေထိုင်လိုသည်၊ ကြီးပြင်းလိုသည်၊ သူ့အရွယ်နှင့်သူ နားလည် ရင့်ကျက်လိုလာသည်။ သူ့မိဘ၏ ချစ်ခြင်းသည် သူ့အတွက် အသက်ရှုကျပ်စရာဖြစ်လာသလို လှောင်အိမ်ထဲတွင် နေရသကဲသို့ ခံစားလာရသည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သူအလွန်ဆိုးသော ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။ မကောင်းတာမှန်သမျှ အကုန်လုပ်သည်။ အသက်နှစ်ဆယ်ကျော်တွင် အိမ်မှ လွတ်မြောက်ချင်သောစိတ်၊ ကိုယ့်သဘောနှင့် ကို်ယ် လွတ်လပ်စွာ နေထိုင်လိုသောစိတ်ကြောင့် စစ်ထဲသို့ဝင်ခဲ့သည်။ သူ့ကိုယ်သူ ရင့်ကျက်သောသူဖြစ်လာအောင် ကြိုးစားသည်။ နှစ်အနည်းငယ်အမှုထမ်းပြီးနောက် ပြင်ပတွင် အလုပ်ဆက်လုပ်သည်။ သူအမြဲပြောသော စကားတစ်ခုမှာ ~~ သူမိဘကို အရမ်းချစ်ပါသည်။ သို့သော် သူတို့နှင့် အဝေးဆုံးမှာပဲ အမြဲနေပါမည်။ သတိရလွန်းလို့ အိမ်ပြန်လျှင်တောင် တစ်ပတ်ထက်ဘယ်တော့မှ ပိုမနေပါ ~~ ဟူ၍ဖြစ်ပါသည်။