DVB သတင်းဌာနမှ စီစဉ်တင်ဆက်သူ မမိုးမြင့်ဇင်နဲ့ Reach Out Myanmar (လူတိုင်းအတွက် စိတ်ပညာ)မှ စိတ်ကျန်းမာရေးပညာရှင် မစုဇာမွန်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို ၂ပိုင်းခွဲပြီး တင်ပေးသွားမှာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Page မှာ အရင်တင်ထားတဲ့ အင်တာဗျူးဗီဒီယိုကို မကြည့်ဖြစ်သူတွေလည်း မစုဇာမွန်ဆွေးနွေးထားတဲ့ စိတ်ကျန်းမာရေးအကြောင်း သိကောင်းစရာများကို စာဖြင့်ဖတ်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။
DVB: မင်္ဂလာပါရှင်၊ စိတ်ကျန်းမာရေးမှာ Counselling ဆိုတဲ့ နှစ်သိမ့်ဆွေးနွေးခြင်းအပိုင်းဟာ အရမ်းပဲ အရေးပါပါတယ်။ ဘာကြောင့် Counselling လုပ်ရလဲ၊ ဘာကြောင့် စိတ်ပညာပိုင်းမှာရော၊ ကျန်းမာရေးပိုင်းမှာပါ အရေးပါလဲဆိုတာ ကျွန်မတို့သိရအောင် လူတိုင်းအတွက်စိတ်ပညာဆိုတဲ့ website တို့ facebook page တို့ကို တည်ထောင်ထားတဲ့ founder မစုဇာမွန်နဲ့ မိတ်ဆက်ပေးပါ့မယ်ရှင့်။ အခု မစုဇာမွန်ကို DVB ရဲ့ Studio ထဲကို တွေ့ဆုံမေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်။
Q: မင်္ဂလာပါ မစုဇာရေ
A: မင်္ဂလာပါ အစ်မ
Q: မစုဇာက စိတ်ပညာပိုင်း၊ စိတ်ကျန်းမာရေးပိုင်းမှာ Counselling ကို ကိုယ်တိုင်လုပ်နေတယ်ဆိုတော့ အများသဘောပေါက်အောင် Counselling ဆိုတာဘာလဲ ဆိုတာကို အရင်ရှင်းပြပေးပါရှင့်။
A: မင်္ဂလာပါ။ ကျွန်မကတော့ စုဇာမွန်ပါ၊ Counselling Psychologist ပါ။ Counselling လို့ပြောရင် အများစု စသိလာတာက နာဂစ်မုန်တိုင်းတိုက်ပြီး နောက်ပိုင်းမှာ ဒီ Counselling ဆိုတဲ့စကားက ပိုပြီးခေတ်စားလာတယ်။ လူတွေလည်း ပိုသိလာတယ်။ မြန်မာလိုဆိုရင် “နှစ်သိမ့်ဆွေးနွေးပညာပေး” ဆိုပြီး ပြောကြတယ်။ တကယ်တမ်းကျတော့ Counselling က အဲဒီစကားလုံးနဲ့တော့ မလုံလောက်ပါဘူး။
ကျွန်မတို့က သူများတွေကို၊ ကိုယ့်ဆီလာဆွေးနွေးတဲ့သူတွေကို သူဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ သူဘာကို ယုံကြည်ရမယ်၊ သူလုပ်တာ မှားတယ်မှန်တယ် ဒါမျိုးကို ကျွန်မတို့က အကြံဉာဏ်ပေးတာ၊ လမ်းညွှန်ပေးတာ မဟုတ်ဘဲနဲ့ သူဖြစ်နေတဲ့ ပြဿနာ၊ သူခံစားနေရတဲ့ ပြဿနာကို သူ့ဘာသူ ဖြေရှင်းလာနိုင်အောင် ကျွန်မတို့က ဘေးကနေပံ့ပိုးပေးတာ ဖြစ်ပါတယ်။
Q: မစုဇာအနေနဲ့ ဘယ်လို Counselling အမျိုးအစားတွေကို လုပ်ပေးရတာများလဲရှင့်။
A: များသောအားဖြင့် ကျွန်မကိုလာပြီး တိုင်ပင်ဆွေးနွေးသူတွေရဲ့ အများစုက Relationship ဆိုတဲ့ ကိစ္စတွေများပါတယ်။ Relationship လို့ပြောလိုက်ရင်တော့ လူအများစုထင်ကြတာက ချစ်သူရည်းစားနှစ်ဦးကြား၊ အိမ်ထောင်ဖက်နှစ်ဦးကြားပေါ့နော်။
ဒါပေမယ့် တကယ်တမ်း Relationship ဆိုတာ မြန်မာလိုပြောမယ်ဆိုရင်တော့ ဆက်ဆံရေးပေါ့။ ဆက်ဆံရေးဆိုတာ အများကြီးရှိတယ်။ ဥပမာဆိုရင် ခုနပြောသလို ချစ်သူရည်းစား၊ အိမ်ထောင်ဖက်တွေရဲ့ ဆက်ဆံရေး၊ ပြီးတော့ မိဘနဲ့သားသမီးကြားက ဆက်ဆံရေး၊ ညီအစ်ကိုမောင်နှမတွေကြားက ဆက်ဆံရေး၊ သူငယ်ချင်းကြားက ဆက်ဆံရေး၊ အလုပ်ရှင်နဲ့ အလုပ်ခွင်မှာဆက်ဆံရေး၊ ဒီလိုဆက်ဆံရေးတွေ အများကြီးရှိပါတယ်။
ကျွန်မဆီလာဆွေးနွေးတဲ့သူတွေ အများစု၊ ပြောမယ်ဆို ၇၀ ရာခိုင်နှုန်းလောက်က ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အခက်အခဲရှိနေကြတာတွေ အများကြီးပဲတွေ့ရတယ်။ အဲဒါတွေနဲ့စပ်ဆက်ပြီး ဖြစ်လာတဲ့အရာတွေကျတော့ စိတ်ဓာတ်ကျတာတို့၊ စိတ်ကျရောဂါတို့၊ ပြီးတော့ စိုးရိမ်ကြောင့်ကြမှုနဲ့ ပတ်သက်တာတွေ၊ စိတ်ဖိစီးမှုတွေများပြီးတော့ ဘယ်လို Cope လုပ်ရမလဲဆိုတာ မသိတော့ဘဲနဲ့ ရက်ရှည်လများ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ ရှိနေတာမျိုး တွေ့ရတာများပါတယ်။ အပြင်းစားစိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ လာတဲ့သူတွေလည်း ရှိပါတယ်။
Q: နှစ်သိမ့်ဆွေးနွေးတဲ့အထဲမှာ ဘယ်လိုအသက်အရွယ်ပိုင်းတွေကို လုပ်ပေးရတာများလဲရှင့်။
A: အသက်အရွယ်အပိုင်းအခြားကျတော့ ပြောရခက်ပါတယ်။ ကျွန်မဆီမှာ လာတဲ့သူတွေက အသက် ၁၃နှစ် ၁၄နှစ်ကနေ ၆၅နှစ် ရဝတွေအထိ ရှိတယ်။ ပျမ်းမျှတွက်ဖို့ကတော့ အရမ်းခဲယဉ်းတယ်။ ဒါပေမယ့် အကြမ်းဖျင်းတွက်မယ်ဆိုရင်တော့ အသက် ၂ဝနဲ့ ၄ဝကြား ပိုများတယ်။
Q: ဟုတ်ကဲ့ပါ။ ဖွ့ံဖြိုးပြီးနိုင်ငံတို့ အနောက်နိုင်ငံတို့မှာတော့ Counselling ပိုင်းနဲ့ ပတ်သက်ပြီးတော့ လူတိုင်းက သဘောပေါက်နေကြတာပေါ့နော်။ တခုခုဆိုရင် ငါတော့ Counselling လုပ်ဖို့လိုနေပြီဆိုပြီး သူတို့ကိုယ်သူတို့ သဘောပေါက်ကြတယ်။ ကျွန်မတို့ မြန်မာပြည်မှာကျတော့ စိတ်ကျန်းမာရေးအတွက် နှစ်သိမ့်ဆွေးနွေးခံရမယ်၊ ပညာပေးတာ သွားပြီးနားထောင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ရှက်ကြတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မစုဇာရဲ့အမြင်လေးကို ပြောပြပေးပါဦး။
A: ကျွန်မတို့ မြန်မာပြည်မှာတော့ ယဉ်ကျေးမှုအရပဲဖြစ်ဖြစ်ပေါ့နော်၊ များသောအားဖြင့် “ရူးတယ်” ဆိုတဲ့စကားကို အရမ်းအလွယ်တကူသုံးတယ်။ တခုခုဆိုရင် ဒီတစ်ယောက် psycho ပဲ ၊ psycho ဝင်နေပြီလားမသိဘူး၊ ဒီတစ်ယောက် ရူးနေပြီလားမသိဘူး ဆိုပြီး သူများနဲ့မတူတဲ့ အတွေးအခေါ်ရှိတယ်ဆိုရင် အဲဒီလိုစကားကို အလွယ်တကူသုံးလေ့ရှိကြတယ်။ အခြားသူတစ်ယောက်ကို အလွယ်တကူ တံဆိပ်ကပ်လေ့ရှိတယ်။
အချိန်တွေကြာလာတော့ ဘာတွေဖြစ်လာလဲဆိုတော့ လူတွေက ကိုယ့်ကို ရူးတယ်လို့ပြောခံရမှာကို ပိုကြောက်လာတယ်။ ဒီလိုမျိုး သက်ရောက်မှုတွေလည်း ပါပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို အရမ်းကို အားနည်းနေတယ်။ အစိုးရပိုင်းကအစ အရမ်းအားနည်းသေးတဲ့အခါကျတော့ လူတွေက ကျွန်မတို့တွေ ဘာလုပ်မှန်းမသိကြဘူး။
လူတစ်ယောက်က စိတ်ဓာတ်တွေကျနေတယ်၊ အလုပ် မလုပ်နိုင်မကိုင်နိုင်ဖြစ်တယ်၊ သူနေ့စဉ်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေ မလုပ်ဖြစ်ဘူးဆိုတိုင်း၊ ဒါမှမဟုတ် သူ့ရဲ့ပုံစံက သူများနဲ့နည်းနည်းလေး ကွဲပြားလာတယ်ဆိုတိုင်း သူ့ကို ရူးနေတယ်လို့ သွားပြီး ပြောလို့မရပါဘူး။
Q: ဟုတ်ကဲ့ ခုနက အသိပညာပေးပိုင်း အားနည်းနေတယ်လို့ ပြောလိုက်လို့ပါ။ ကျွန်မတို့ များသောအားဖြင့် ကြည့်ရတာတွေက စိတ်ဝေဒနာနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ အရိုက်များတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာလည်း ရူးသွပ်တယ်ဆိုတဲ့အနေအထားကိုပဲ ဇောင်းပေးပြီးရိုက်တာများတော့ လူတွေက စိတ်ကျန်းမာရေးတခုခုဖြစ်နေတယ်ဆို ရူးတယ်ဆိုတဲ့အဆင့်ကိုပဲ တန်းပြီးသတ်မှတ်လိုက်တာမျိုး ဖြစ်နေတာပေါ့နော်။
A: ဟုတ်ပါတယ်။ ခုနပြောသလိုမျိုး အသိပညာပေးတာတွေ အရမ်းအားနည်းနေတဲ့အခါကျတော့ တီဗီတို့ဘာတို့ကအစ လူတွေကို Stigma ခေါ်မှာပေါ့၊ လွဲမှားတဲ့အယူအဆတွေရအောင် လုပ်သလိုဖြစ်နေတယ်။
ဥပမာ စိတ်ကျန်းမာရေးမှာဆို အမြဲတမ်း ရောတတ်ကြတာ ၂မျိုးရှိတယ်။ ဆေးပညာသင်ယူတယ်၊ ပြီးတဲ့အခါကျမှ Psychiatry လို့ခေါ်တယ့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်လိုင်းကို Master ထပ်ပြီးသွားတဲ့သူတွေရှိတယ်။ ကျွန်မတို့တွေကျတော့ တချို့က စိတ်ပညာကိုု ဘွဲ့ကြိုယူတယ်၊ ပြီးတော့မှ Master, PhD အထိ သွားတာတွေရှိတယ်။ ကျွန်မဆို Master ပြီးထားတယ်။ ဆိုတော့ ကျွန်မတို့က ဆရာဝန်လိုင်းကနေ လာတာမဟုတ်ဘူး။ ကျွန်မတို့က ဆေးမပေးဘူး။ စိတ်ကျန်းမာရေးဆရာဝန်က ဆေးပေးတယ်။ ဒါပေမယ့် ကျွန်မတို့ကလည်း စိတ်ကျန်းမာရေးကို ကုသတာခြင်းတော့ အတူတူပဲ။ ပုံစံတော့ နည်းနည်းကွဲတာပေါ့နော်။
ဥပမာဆိုရင် အချို့ကိစ္စတွေ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေပေါ့နော်။ ခုနပြောတဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ဟာတွေဆို အမြဲတမ်းဆေးသောက်စရာမလိုဘူး၊ ဒါတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေရှိတယ်။ အဲဒီကုထုံးတွေနဲ့ ကျွန်မတို့က ကုသရတာပေ့ါနော်။ စကားပြောခြင်းနဲ့ ကျွန်မတို့က ကုသကြတယ်။ ဒါတွေက ဆေးမလိုပဲ ကုလို့ရတဲ့ဟာတွေ။ ဒါပေမယ့် တီဗီတို့ဘာတို့က ဘာပြောလဲဆိုတော့ စိတ်ကျန်းမာရေးဆိုင်ရာ တခုခုဖြစ်ပြီဆိုရင် ဆရာဝန်ဆီသွားဆိုပြီး လွှတ်လိုက်ကြတယ်။ အဲဒီတော့ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်ကြတယ်၊ ပြီးရင် အိမ်ထဲမှာ ချုပ်ထားတယ် လူသိမှာစိုးလို့ဆိုပြီး။ ဒီလို တီဗီတို့ ရုပ်သံမီဒီယာတို့ကတစ်ဆင့် လူတွေကိုပိုပြီးတော့ ကြောက်လန့်အောင်လုပ်သလိုဖြစ်နေတယ်။ စိတ်ရောဂါဖြစ်တယ်၊ စိတ်ကျန်းမာရေးပြသနာခံစားရတယ်ဆိုရင် အဲဒီလူတွေကို လူ့အသိုင်းအဝိုင်းထဲက ခွဲထွက်အောင် လုပ်သလိုဖြစ်နေတယ်။
အမှန်ဆိုရင် မိသားစုတွေထဲမှာပဲဖြစ်ဖြစ် စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲရှိလာတဲ့အခါ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ တိုင်ပင်တယ်ဆိုရင် ဒါက ကုသလို့ရတဲ့ အခြေအနေမျိုးမှာရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ အိမ်ထဲမှာဖွက်ထားတယ်၊ ဘယ်သူ့ကိုမှ မပြောဘူး၊ ကျိတ်ကုကြတယ်ဆိုရင် အဲဒီလူကို ပိုပြီးအခြေအနေဆိုးလာစေပါတယ်။